နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
*မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ* (၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ ။

Wednesday 18 May 2011

မေတ္တာနှင့်အဒေါသ



ဒေါသ၏ဆန့်ကျင်ဘက် အဒေါသစေတသိက်သည် မေတ္တာ၏တရားကိုယ် (သို့မဟုတ်) မေတ္တာ၏ ကိုယ်စားလှယ်တစ်ဦးဟု ဆိုရပေမည်။ မေတ္တာသည် အစွမ်းထက်သကဲ့သို့ အဒေါသစေတသိက်သည်လည်း အစွမ်းထက်လှပေသည်။ ယင်းအဒေါသသည် ယုတ်ရင်းကြမ်းတမ်း ခတ်ထန်လှသည့် ဒေါသမီးကို ငြှိမ်းသတ်နိုင်စွမ်း ရှိပေသည်။ ပျိုမြစ်နုနယ်လှပခြင်းကိုလည်း ဖြစ်စေနိုင်ပေသည်။
အဒေါသသည် ပျိုမြစ်နုနယ်လှပခြင်းကို ဖြစ်စေရာ၌ ယင်း၏ ဆန့်ကျင်ဘက်ဖြစ်သော ဒေါသသည် မီးတစ်ပါးပင်ဖြစ်သည်။ မီးဟူသည် ယင်းတို့၏သဘာဝအတိုင်း ပူလောင်စေတတ်သော သဘောရှိ၍ နီးစပ်ရာကိုလည်း လောင်ကျွမ်းစေတတ်သော သဘောရှိသည်။ အချို့သောသူများသည် ဒေါသအားကြီးတတ်ကြပါသည်။ ထိုသူများသည် “ထန်ပြင်းဒေါသ၊ ရှိလတ်က၊ အလှပျက်မည်ဆို။” ဟူသောစကားအတိုင်း ဒေါသမီး အလောင်ခံနေရသဖြင့် အရုပ်ဆိုးတတ်ကြပါသည်။ “စိတ်ထောင်းတော့ကိုယ်ကျေ” စကားအတိုင်း အရွယ်မတိုင်မီမှာပင် ဆံဖြူခြင်း၊ အသားအရေတွန့်ခြင်း၊ အသားအရေမွဲခြောက်ခြင်း စသော ဇရာ၏သဘောများ ဖြစ်ပေါ်စေ၍ အရွယ်နှင့် မလိုက်အောင်ပင် အိုမင်းတတ်ကြပါသည်။ (ဘိ၊ ဋ္ဌ၊ ၁၊ ၁၇၂။)
အဒေါသဟူသော မေတ္တာတရားမှာမူကား စန္ဒကူးသည် ပူလောင်ခြင်းကို ပယ်ဖျောက်ပေးနိုင်သကဲ့သို့ အပူမီးကို ပယ်ဖျောက်ပေးသည်။ အဒေါသဟူသော မေတ္တာစိတ်အပြည့်အ၀ဖြင့် ဘ၀ကို တည်ဆောက်ကြပါလျှင် “ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။” ဟူသော စကားအတိုင်း ရုပ်အဆင်းရူပကာ လှပတင့်တယ်ကြ၍ စိတ်များလည်း ကြည်လင်လာနိုင်ပေသည်။ ကြည်လင်သောစိတ် ရှိမှသာလျှင် အမှားအမှန်ကို ဝေဘန်ခွဲခြားနိုင်၍ ဘ၀၏အလှ လောက၏အလှကို ပုံဖော်ဖန်တည်းနိုင်မည်ဖြစ်သည်။ မေတ္တာ (သို့မဟုတ်) အဒေါသ၏ ဆန့်ကျင်ဘက် ဒေါသဖြင့်သာ ဘ၀ကို တည်ဆောက်ပါမူ မိမိဘ၀နှင့် လောကတစ်ခုလုံးသည် အရုပ်ဆိုးအကျည်းတန် သွားနိုင်ပေသည်။ စစ်ဘေးစစ်ဒဏ် အကြိမ်ကြိမ်ခံရသော ကမ္ဘာလောကကြီး ဖြစ်သွားနိုင်ပေသည်။
ထို့ကြောင့် မိမိတို့၏ လက်ထဲ၌ရှိသော လောကကြီးကို သာယာလှပစေရန် လူအချင်းချင်း၊ သတ္တ၀ါအချင်းချင်း စစ်မှန်သော မေတ္တာတရားဖြင့် ဘ၀ကို တည်ဆောက်ပြီး စာနာမှု၊ ညှာတာမှု၊ အလိုက်သိမှု၊ နားလည်မှု၊ သဘောထားကြီးမှုတို့ဖြင့် ဆက်ဆံနေထိုင်ကြရန် လိုအပ်လှပေသည်။ မေတ္တာသည်သာ ကမ္ဘာလောကကို လှပဆန်းသစ် ငြိမ်းချမ်းသာယာစေနိုင်မည် ဖြစ်ပေသည်။

No comments:

Post a Comment