နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
*မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ* (၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ ။

Tuesday 17 May 2011

လှချင်သူတိုင်းအတွက်ဖန်တီးရှင်


အခန်း (၁)
အလှဖန်တီးရှင်ဆိုသည်မှာ
        လောကတွင်ရှိကြသော ယောင်္ကျားမိန်းမအားလုံးတို့သည် အလှအပကို မြတ်နိုးကြ၏။ ခုံမင်နှစ်သက်ကြ၏။ လိုချင်တပ်မက်ကြ၏။ ပိုင်ဆိုင်ချင်ကြ၏။ အလှအပဖြင့်လူများစွာကို ကြည်နူးကျေနပ်စေချင်ကြ၏။ ရွှင်လန်း ၀မ်းမြောက်စေချင်ကြ၏။ အလှအပကိုမြင်ရလျှင်လည်း ကြည်နူးကျေနပ်ကြ၏။ ရွှင်လန်းဝမ်းသာကြ၏။
        လူအများစုသည် နေ့စဉ်နှင့်အမျှ မိမိခန္ဓာကိုယ်ကို လှပတင့်တယ်စေပြီး သူတစ်ပါးတို့ အာရုံညွတ် တပ်မက်စေကြရန် ရည်ရွယ်လျက် မိမိခန္ဓာကိုယ်ကို အ၀တ်အမျိုးမျိုး ရွှေ၊ငွေ၊စိန် ကျောက်သံပတ္တမြားအသီးသီး၊ နှင်းဆီ၊ စံပယ်စသည့်ပန်းအသွယ်သွယ် မိတ်ကပ်နံ့သာမျိုးစုံ ချယ်လျှက်အမျိုးမျိုးဆင်ယင်ချယ်သကာ လှသည်ထက် လှစေရန်၊ တင့်တယ်သည်ထက်တင့်တယ်စေရန်၊ ပြုလုပ်နေကြ၏။ ကာယလေ့ကျင့်ခန်းကိုလည်း နည်းမျိုးစုံအောင် လေ့ကျင့်နေကြ၏။ ထို့ကြောင့်လည်း လူတို့၏ရုပ်ခန္ဓာကိုယ်သည် ပင်ကိုယ်ထက်သာ၍ လှနေကြ၏။ သာ၍ တင့်တယ်နေကြ၏။ ကြာပန်းသည် ကိုယ်တိုင်လည်းလှ၏။ သူ၏ပတ်ဝန်းကျင်ရေကိုလည်းလှပစေ၏။ စိတ်ကောင် စေတနာကောင်းရှိပြီး သူတစ်ပါးကို ကူညီတက်သူသည် ကိုယ်တိုင်လည်း စိတ်သဘောထားလှသူဖြစ်ပြီး သူ့ပတ်ဝန်းကျင်ကိုလည်း လှပစေသူဖြစ်၏။ လှချင်သူသည် စိတ်ကောင်းစေတနာကောင်းများကို ဖန်တီး ထားရမည်ဖြစ်သည်။
        စေတနာသည် ကံမည်၏။ စေတနာသည် စေ့ဆော်ခြင်းဖြစ်၏။ ကောင်းသောစေ့ဆော်ခြင်းကြောင့် ကောင်းသောကံများဖြစ်၏။ မကောင်းသောစေ့ဆော်ခြင်းကြောင့် မကောင်းသောကံများဖြစ်၏။ ကောင်းသော စေ့ဆော်ခြင်းသည် ကောင်းကျိုးကိုအစဉ်ဖြစ်စေ၍ အလှပေါင်းခညောင်းနေ၏။ ကောင်းမကောင်းကို ခွဲခြားသိနေခြင်း၊ ကောင်းခြင်းအတွက် ရုန်းကန်လှုပ်ရှားနေခြင်းသည် မကောင်းခြင်းကို အနိုင်ရ၍ လှပနေခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ကောင်းခြင်းအတွက် ရုန်းကန်ခြင်းကိုရပ်တန့်သွားလျှင် မကောင်းကိုအကောင်းထင်၍ အကောင်းကိုမကောင်းထင်သွားလျှင် အကျည်းတန်အရုပ်ဆိုးသွားရတော့၏။ မြတ်ဗုဒ္ဓက မကောင်းမှုကိုမပြုရန်၊ ကောင်းမှုကိုပြု၍ စိတ်ကိုစင်ကြယ်စွာထားရန် တိုက်တွန်းထား၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၅၄) စိတ်ကိုဖြူစင်စေရန် ကြိုးစားသင့်၏။ ထိုသို့မဟုတ်ပါက နေ့ရက်များကြာလာသည်နှင့်အမျှ စိတ်ကိုမဖွတ်လျှော်တက်လျှင် စိတ်အစဉ်ညစ်နွမ်း၍ မရွှင်မလန်းဖြစ်လျက် စိတ်ညစ်ပြီး အကျည်းတန် အရုပ်ဆိုးနေတက်၏။
        လူသည် ဘ၀ပေးအခြေအနေအရ မိမိရပ်တည်ရာ မွေ့လျော်ရာဝမ်းတစ်ထွာဖြည့်ရာ၌ သစ္စာရှိစွာ သတ္တိရှိစွာ ရိုးသားစွာတွယ်ဖက်ထားလျက် ဖြူစင်သောစိတ်ကို မွေးမြူထားမှသာ အစဉ်လှပနေမည်ဖြစ်၏။ လှပသော သမိုင်းအတွက် လှပသောစိတ်ဓာက်လို၏။ မှန်ကန်ခြင်းသည်လှ၏။ မျှတခြင်းသည်လည်းလှ၏။ စာနာခြင်းသည်လည်းလှ၏။ ကြင်နာခြင်းသည်လည်းလှ၏။ မြင့်မြက်သန့်စင်ခြင်းသည်လည်းလှ၏။ ကြင်နာသော နှလုံးသားသည် သရဖူများထက်လှ၏။ ရိုးသားသောယုံကြည်ချက်များသည် မင်းဆွေမင်းမျိုးထက် မြင့်မြတ်၏။ ရုပ်လှသူတိုင်း မြင့်မြတ်သန့်စင်ချင်မှသန့်စင်သော်လည်း မြင့်မြတ်သန့်စင်မူကား အမြဲလှနေ၏။ လှချင်သူများသည် စိတ်ဓာက်မြင့်မြတ်သန့်စင်စေရန် ကြိုးစားခြင်းဖြင့် အလှသရဖူကို ဆောင်နိုင်၏။
        နှလုံးသားသည် မြင့်မြတ်သန့်ရှင်းစင်ကြယ်သောအခါ စိတ်သည်လည်း ငြိမ်းအေးချမ်းမြေ့၏။ လောက၌ စိတ်သည် လွန်စွာအရေးပါ၏၊ တန်ခိုးရှိ၏၊ စိတ်ကပင် ဘ၀ကို ဖန်တီးနိုင်၏၊ စိတ်ကပင် ဘ၀ကို ဖျက်ဆီးနိုင်၏၊ စိတ်သန့်ရှင်းခြင်းသည် လှ၏၊ အကြံသစ်၊ ဥာဏ်သစ် တံခါးကိုလည်း ဖွင့်လှစ်စေ၏၊ ရုပ်လုံးကြွ လှပကာ ကြည်နူးချမ်းမြေ့မှုကိုလည်း နှစ်ခြိုက်စွာ ခံစားရ၏၊ နှလုံးသား၏အလှသည် ကမ္ဘာလောကကြိုငိမ်းချမ်းစေ၏။ ငြိမ်းချမ်းရေးခေါင်းလောင်းကိုလည်း မြည်စေ၏။ မြတ်ဗုဒ္ဓက နှလုံးသားလှပသူများကို  လိုလားတော်မူ၏။ သူတော်ကောင်းတို့ကလည်း  ချီးကျူးကြ၏။ ခေတ်စနစ်ကလည်းတောင်းတ၏။ နှလုံးသားလှပသူများသည် လူလောကဝယ် တိုးတက်သာယာသောခေတ်ကို တည်ဆောက်ကြရမည့် ခြေလှမ်းပိုင်ရှင်များဖြစ်ကြ၏။
        နှလုံးသားမလှသူ၊ စိတ်ဓာက်မကောင်းသူများနှင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းသည် လျှင်မြန်စွာ ပျက်သုဉ်းသွားနိုင်၏။ တစ်ဦးတစ်ယောက်၏ နှလုံးသားမလှပမှုသည် ပတ်ဝန်းကျင်ကို စိတ်မချမ်းသာစရာဖြစ်စေ၏။ ဒုက္ခရောက်စေ၏။ အကျည်းတန်စေ၏။ ရုပ်ရည်လှပသော်လည်းနှလုံးသားမလှသူ စရိုက်ဆိုးသူများကို သူတော်ကောင်းတို့က ဖယ်ကြဉ်ကြ၏။ လူ့အသိုင်းအဝိုင်းကလည်း ဖယ်ထုတ်ကြ၏။ လူတို့၏နှလုံးသားသည် အစဉ်သန့်စင်နေရမည်။ စိတ်နှလုံးသားလှပဖို့လို၏။ အရာရာကိုချင့်ချိန်ဝေဖန်တတ်ဖို့လို၏။ အတွေးအခေါ် နက်ရှိုင်းရင့်ကျက်ဖို့လို၏။ ယင်းသို့ဖြစ်ရန် အဘိဓမ္မာပိဋကတ်၌လာသော မေတ္တာတရားကို လူသားတို့၏နှလုံးသားနှင့် ဦးနှောက်မှာ စွဲမြဲစွာတည်၍ ကိန်းဝပ်ငြိကပ်နေစေကြရမည်ဖြစ်သည်။
မြတ်ဗုဒ္ဓညွန်ပြထားသော ယင်းမေတ္တာသည် လောကမှထွတ်မြောက်စေရာဓမ္မလည်းဖြစ်၏။ လောက ဘဝနယ်ပယ်အတွင်း အလှအပကို ဖန်ဆင်းနိုင်သည့် လမ်းညွန်းချက်လည်းဖြစ်၏။ လှချင်သူများသည်လည်း လှပသည်ထက်လှစေရန် မေတ္တာတရားဖြင့်ဖန်တီးကြရမည်ဖြစ်သည်။ သို့ဖြစ်၍ အလှအပကိုဖန်းတီးပေးသော အလှဖန်တီးရှင်ဆိုသည်မှာ မေတ္တာတရားပင်ဖြစ်ပါသည်။

အလှအပကိုဖန်တီးပုံ   
လှချင်သူသည် အလှအပကိုကိုးကွယ်သူ၊ အလှအပ၏သိက္ခာကို ရိုသေလေးစာသူ၊ အလှအပ၏ဘက်တော်သားဖြစ်သူ၊ အလှအပသာလျှင် ဤလူဘောင်၏ ကျက်သရေကိုဆောင်နိုင်မည်ဟု ယုံကြည်သူများသည် အလှအပဟုဆိုသော မတ္တာတရား၏ ဆန့်ကျင်ဘက်အလှအပနှင့် ပြဒါးတစ်လမ်း သံတလမ်းဖြစ်သော စိတ်ဆိုးမှုဒေါသ ကြမ်းတမ်းရက်စက်မှုကောဓကို အထူးရှောင်ရှားရမည်ဖြစ်သည်။ ဒေါသဓားအမိုးခံရသူသည် ယမ်းအိုကွဲပမာ ကိုယ်ကိုလည်းဣနြေ္ဒမဲ့ မိမိဒေါသတည်းဟူသော
ယမ်းစမှန်ပြီး သူတစ်ပါးကိုလည်းထိပါးရသည်မှာ များစွာတွေ့ရ၏၊ မိမိကိုလည်းအရုပ်ဆိုးစေ၏၊ လောကလည်းအကြီးတန်စေ၏၊ ကျောက်ခဲနှစ်ခုထိပွတ်မိသောအခါ မီးပွင့်တတ်သကဲ့သို့ စိတ်ဆိုးခြင်း စိတ်တိုခြင်း ဒေါသမီးခဲရှိသူတို့အချင်းချင်း ရင်ဆိုင်တွေ့သည့်အခါ မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးဆုံးရှုးံမှုများဖြစ်ကြရ၏။
ယင်းဒေါသ ကောဓမီးများကို မေတ္တာခန္တီရေအေးများဖြင့် ပတ်ဖျန်းငြိမ်းသတ်ပေးရမည်ဖြစ်၏။ မေတ္တာပန်းခန္တီနံ့သာများကို ပန်ဆင်လိမ်းခြယ်ထားရမည်လည်းဖြစ်၏။ မေတ္တာသည်မှန်ပမာဖြစ်၏။ မေတ္တာထားသူကိုမေတ္တာကပြန်လည်၍ အရောင်ပြန်ဟပ်၏။ မေတ္တာသည်လူသားတိုင်းနှင့် မကင်းကွာကောင်းပေ။ မေတ္တာသည်လူသားတို့၏ ဘ၀ဖြစ်တည်းမှုတွင် အခြေခံအကြဆုံးသော လိုအပ်ချက်ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓကမိမိအပေါ်ဒေါသထွတ်လာသူကို ဒေါသနှင့်ပြန်လည်မဖြေရှင်းရန် မေတ္တာနဲ့သာအနိုင်ယူဖြေရှုင်းရန် ဓမ္မပဒ-ဒုတိယအုပ် ကောဓဝဂ် ဥတ္တရာဥပါသိကာဝတ္ထု၌ အမျက်ဒေါသထွက်သူကို မေတ္တာဖြင့်အနိုင်ယူရမည်၊ မကောင်းသောစိတ်ထားရှိသူကို ကောင်းသောစိတ်သဘောထားဖြင့် အနိုင်ယူရမည်၊ နှမြောဝန်တိုသူကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်အနိုင်ယူရမည်၊ မဟုတ်မမှန်သောစကား ပြောဆိုသူကို အမှန်ပြောဆိုသောစကားဖြင့် အနိုင်ယူရမည်ဟုမိန့်တော်မူထားပါသည်။ (ဓ၊ ဋ္ဌ၊ ၂၊ ၁၉၆)
   ခွင့်လွှတ်ခြင်းသည်အပြစ်မယူခြင်း၊ သဘောထားကြီးခြင်း၊ စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ သဒ္ဓါကြည်ဖြူဖြစ်ခြင်း၊ ကြေအေးခြင်း၊ ပြေရာပြေကြောင်းပြုပြင်ခြင်းစသော သဘောများပါဝင်နေ၏။ ခွင့်လွှတ်ခြင်းသည် လူတို့၏စိတ်ဗီဇ၍ ရှိတက်သော သဘာဝတရားဖြစ်၏။ ခွင့်လွှတ်ခြင်းမရှိလျှင် ချစ်ခြင်းမေတ္တာလည်း ရှိမည်မဟုတ်ပေ။ ခွင့်မလွှတ်တက်ခြင်းသည် သဘောထားညံ့ဖြင်းခြင်း၊ သ၀န်ကြောင်ခြင်း၊ မကြေချမ်းခြင်း၊ ရန်တုန့်မူခြင်းစသော အချက်အလက်များ ပါဝင်နေ၏၊ ခွင့်လွှတ်ခြင်းသည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ကိစ္စတစ်ခုပင်ဖြစ်၏၊ ယင်းသည် ဘ၀အမှန်ကို မြင်စေပြီး ကြီးပွားတိုးတက်ရန် အားအဖြစ် အထောက်အကူပေး၏။ မွန်မြတ်သောလက်စားခြေခြင်းသည် ခွင့်လွှတ်ခြင်းဖြစ်၏ဟူသော စကားပုံကို နှလုံးမူ၍ ခွင့်လွှတ်ခြင်းဖြင့် လက်စားခြေကာ အလှအပကို ဖန်တီးကြရမည်ဖြစ်သည်။
        အလှအပသည် သူ့နေရာနှင့်သူ တန်ဖိုးရှိ၏။ လူတို့သည် လှချင်ကြ၏။ လှချင်သူများသည် မိမိနှင့် လျှောက်ပတ်တင့်တယ်စွာ ၀တ်ဆင်ခြယ်သပန်ဆင်မှသာ အလှအပများ တောက်ပပေါ်လွင်လာမည်ဖြစ်၏။ သူတစ်ပါး ချောသည်လှသည်ကို မနာလိုတက်သူသည် ပို၍ပင် အယုတ်ဆိုးအကျည်းတန်သွားတက်၏။ ပန်းတစ်ပွင့်တည်းပန်၍ ချောသူလျသူကို မနာလိုမှုဖြင့် မိမိက ပန်းနှစ်ပွင့်တွဲ၍ ပန်ဆင်သော်လည်း လှချင်မှလှပေမည်။
        အမွှေးနံ့သာမချယ်သသော်လည်း လှပမွှေးထုံနေသူကို မနာလို၍ နံ့သာရေမွှေးများ သုံးသော်လည်း ရနံ့မပြယ်မီသာမွှေးထုံနေမည်။ ပင်ကိုရနံ့ကား ထွက်လာမည်မဟုတ်ပေ။ လှချင်သူများသည် မနာလိုကင်း ၀န်တိုရှင်းကြရမည်ဖြစ်သည်။ သူတစ်ပါး ချမ်းသာကြီးပွားနေမှု၊ လှပရွှင်လန်းနေမှု၊ တင့်တယ်ကြွယ်ဝနေမှုကို ၀မ်းသာကြည်နူးစွာ ကြည့်တက်သူ၏အပြုံး၊ မျက်လုံး၊ နှုတ်ခမ်းအစုံသည် တင့်တယ်လှပခြင်း၏ အဆင်းတန်ဆာများဖြစ်၏။
        လူအများစုသည် နှစ်သိမ့်စဖွယ် အကြည့်လေးတစ်ချက်၊ အားတက်စဖွယ် အပြုံးပန်းလေးတစ်ပွင့်ကို လက်ဆောင်အဖြစ် လိုချင်ကြ၏။ ပြုံးပြုံးရွှင်ရွင်နေတက်ခြင်းသည် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ဆုံးဖြစ်၏။ အပြုံး၏အစွမ်းထက်မြတ်မှုသည် အလွန်ကြီးမား၏။ ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အားထက်သန်စေ၏။ ၀မ်းနည်းနေသူကို ၀မ်းသာစေ၏။ လူတို့၏ ဆိုးရွားသောဒုက္ခများကို ကုသရန် အကောင်းဆုံးသော သဘာဝဓမ္မဆေးနည်းတစ်လက်လည်းဖြစ်၏။
        ပြုံးခြင်းကို မခံယူနိုင်သူသည် မရှိသလောက်ပင်ရှားပါး၏။ ဟန်ဆောင်မှုကင်းပြီး ပွင်လင်းရိုးသားမှု အပြည့်ပါသော ပြုံးခြင်းသည်သာ အဆင်းလည်းလှ၊ အချင်းလည်းလှပြီး အလွန်တန်ဖိုးရှိသော အပြုံးပန်းဖြစ်၏။ အတွင်းစိတ်မပါဘဲ ဟန်ဆောင်မှုဖြင့် ပြုံးပြသောအပြုံးသည် ကောက်ကျစ်မှုများပါနေသောကြောင့် တင့်တယ်မှုကင်း၍ ပူလောင်ခြင်းနှင့် ပြည့်နေသောအပြုံးဖြစ်၏။ ပြုံးပြသော်လည်း မဲ့နေသလို ဖြစ်နေတက်၏။
        အပြုံးသည် တစ်ဖက်လူ၏ စိတ်နှစ်လုံးကို သံလိုက်ဓာတ်ကဲ့သို့ စွဲဆောင်နိုင်စွမ်းရှိ၏။ ကိုယ့်ဘက်ပါလာအောင် ညှို့ဓာတ်လည်းပေးနိုင်၏။ တစ်ဖက်သားကို စိတ်ချမ်းသာစေနိုင်သည့်အပြင် မိမိကိုယ်ကိုလည်း စိတ်ချမ်းသာစေ၏။ နှလုံးသားကို တမြေ့မြေ့ ရှို့မြိုက်တက်သည့် သောကမီးကိုလည်း ငြိမ်းသက်နိုင်၏။ ချိုမြမွှေးကြိုင်သည့် ပန်းဝတ်ရည်ရနံ့သည် အရက်ဆယ်မျက်နှာမှ ပျားပိတုံးများကို စွဲမက်အောင် စွမ်းဆောင်နိုင်သကဲ့သို့ အပြုံးဝတ်ရည်သည်လည်း တွေ့မြင်ရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးချမ်းမြေ့အောင် စွဲဆောင်နိုင်၏။
        ပြုံးခြင်းသည် အိမ်ထဲ၌ ချမ်းသာသုခကိုပေး၏။ လုပ်ငန်းခွင်၌ မျက်နှာပွင့်လန်းစေ၏။ မိတ်ဆွေလည်း တိုးပွားစေ၏။ မိတ်ဆွေအချင်းချင်း၏ အထိမ်းအမှတ်လည်းဖြစ်၏။ ပြုံးခြင်းအမူအရာသည် မေတ္တာ ရေသောက်မြစ်မှ ပေါက်ဖွားလာ၏။ မေတ္တာမှ ပေါက်ဖွားသီးပွင့်လာသော အပြုံးပန်း၊ အပြုံးဝတ်ရည်၊ အပြုံးရနံ့သည် ရုပ်ကိုလည်းလှစေ၏။ စိတ်ကိုလည်းနူးညံ့စေ၏။ လှချင်သူများသည် အပြုံးပန်းကိုပန်၍ အပြုံးဝတ်ရည်ကိုသောက်ကာ အပြုံးဆေးကိုမှီဝဲလျှက် မေတ္တာရေသောက်မြစ်မှ ပေါက်ဖွားလာသော အပြုံးဖြင့် အလှအပကို ဖန်တီးကြရမည်ဖြစ်သည်။

အရုပ်ဆိုးရသောအကြောင်းများ
        အမျက်ဒေါသကြီးသူ၊ စိတ်တိုသူ၊ စိတ်ဆက်သူသည် ယ္ခုဘ၀၌လည်း အရုပ်ဆိုး၏။ နောင်တမလွန် ဘ၀များ၌လည်း အရုပ်ဆိုးရဦးမည်ဖြစ်၏။ ရွှေငွေရတနာ အဆင်းတန်ဆာတို့သည် ထိုအရုပ်ဆိုးမှုကို မဖုံးကွယ်နိုင်ခြေ လောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် ဒေါသထွက်လေ့ရှိ၏။ အနည်းငယ်မနှစ်သက်ဖွယ် စကားကိုဆိုသည်ရှိသော် ဒေါသထွက်၏။ ထိုသို့သောဒေါသပိုင်ရှင်သည် ယ္ခုဘ၀မှသေလွန်လျှင် အပါယ်လေးဘုံသို့ ကျရောက်တက်၏။ အပါယ်ဘုံသို့မကျဘဲ ကောင်းမှုကံတစ်ခုခုကြောင့် လူ့ပြည်သို့ရောက်ခဲ့ပါမူ အဆင်းမလှ၊ အရုပ်ဆိုးခြင်းတို့ဖြစ်တက်၏။ (ဓ၊ ၃၊ ၂၄၅)
        အဆင်းမလှအရုပ်ဆိုးခြင်း၏တရားကိုယ်သည် ဒေါသဖြစ်၏။ ဒေါသကို အဋ္ဌသာလိဏီအဋ္ဌကထာတွင် ကြမ်းတမ်းသော ကိုယ် စိတ်တို့၏ ဖြစ်ကြောင်းဖြစ်ရာ လက္ခဏာရှိ၏။ ကိုယ် စိတ်တို့ကို ကြမ်းတမ်းခက်ထန်စေ၏။ ဟူ၍ ဖွင့်ဆိုထားပါသည်။
        ဥပမာ - ဒေါသသည် လှံတံစသည်ဖြင့် ပုတ်ခတ်အပ်သောအခါ မွေကဲ့သို့ ကြမ်းတမ်းခြင်းလက္ခဏာရှိ၏။ တောမီကဲ့သို့ မိမိမှီရာပုဂ္ဂိုလ်ကို ပူလောင်စေခြင်းကိစ္စရှိ၏။ မြားဆိပ်၊ မွေဆိပ်တက်သကဲ့သို့ ဖေါက်ပြန်သောအားဖြင့် ပျံ့နှံ့ခြင်းကိစ္စရှိ၏။ ရအပ်သောအခွင့်အလမ်းရှိသော ရန်သူကဲ့သို့ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း၊ ဖျက်ဆီးတက်သောတရာဟု ထင်သောအခြင်းအရာရှိ၏။ အဆိပ်နှင့်ရောသောဆေးကဲ့သို့ ရန်ငြှိုးဖွဲ့ခြင်း၏ နီးစွာသောအကြောင်းရှိ၏။ သို့အတွက်ကြောင့် အရုပ်ဆိုးရပါသည်။ (ဘိ၊ ဋ္ဌ၊ ၁၊ ၂၉၉)

ရုပ်ချောခြင်း အကျည်းတန်ခြင်းတို့ ကွဲပြားရပုံ
        လောက၌လူသားတို့သည် ရုပ်ရည်ချောမောခြင်းကို ဂုဏ်တစ်ရပ်ဟု ထင်မြင်ကြ၏။ အသားအရည်ဆိုပြေကာ အဆင်းလှသူများကို လူအများက ကုသိုလ်ကံကောင်းသူဟုပြောဆိုကြ၏။ ထို့ကြောင့် လူသားများသည် အဆင်းလှပချင်ကြ၏။ ချမ်းသာခြင်းကိုအလိုရှိသောသူတို့သည် နေ့မအားညမနား စီးပွားဥစ္စာရှာဖွေနေသကဲ့သို့ အဆင်းလှပစေရန်အတွက် နေ့စဉ်နှင့်အမျှ ဆင်ယင်ချယ်သနေကြရကုန်၏။ အ၀တ်အစားများကို တစ်မျိုးပြီးတစ်မျိုး ၀တ်ဆင်နေကြ၏။ ခန္ဓာကိုယ်လှပစေရန် ခေတ်မှီကိရိယာများဖြင့် နေ့စဉ်ပြုပြင်နေကြ၏။ သို့သော်လည်း ပင်ကိုမရှိပါက မည်မျှပင် ၀တ်ကောင်းစားလှတို့ဖြင့် ပြုပြင်နေစေကာမူ မလှပသည့်အပြင် အကျည်းတန်အရုပ်ဆိုးနေတက်၏။ ပင်ကိုအားဖြင့် လှပနေသောသူများမှာမူ သင့်တင့်သောဝတ်ကေင်းစားလှများကို ၀တ်ဆင်စေကာမျှဖြင့် လှပစေ၏။ အချို့လူများမှာ မြင်သူတိုင်းက ငေးကြည့်ရလောက်အောင် လူမကနတ်တမျှ ကြည့်မကုန်ရှုမ၀ အလှကြီးလှ၏။ ဤသို့ဖြင့် ရုပ်ချောခြင်း အကျည်းတန်ခြင်းဟု ကွဲပြားလျှက်ရှိ၏။
        သို့ရာတွင် လူသားတို့သည် အဆင်းလှလိုကြ၏။ အဆင်းလှခြင်း၏အကြောင်းကိုလည်း သိချင်ကြ၏။ ဘုရားရှင် လက်ထက်တော်က သုဘလုလင်သည် ဤသို့ကွဲပြားရခြင်းကိုသိချင်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား လူအချင်းချင်း တူပါလျှက် ရုပ်ချောရခြင်း အကျည်းတန်ရခြင်းတို့၏ ကွဲပြားရပုံကို မေးလျှောက်၏။ (ဓ၊ ၃၊ ၂၄၃)
        ထိုအခါ မြတ်ဗုဒ္ဓက - ချစ်သားသုဘလုလင် လောက၌လူသားတို့သည် ရုပ်ရည်လှပခြင်းကိုသာ အလိုရှိကြ၏။ ရုပ်ဆိုးခြင်းအကျည်းတန်ခြင်းကို အလိုမရှိကြပေ။ သို့သော် လူအချင်းချင်းတူပါသော်လည်း အမျက်ဒေါသ ရှေ့ထားသောပုဂ္ဂိုလ်နှင့် မေတ္တာတရားရှေ့ထားသောပုဂ္ဂိုလ်ဟု နှစ်မျိုးနှစ်စားကွဲပြားနေ၏။ ထိုတွင် ဒေါသရှေ့ထားသောသူသည် အရုပ်ဆိုး၍ မေတ္တာတရားရှေ့ထားသောသူသည် ရုပ်အဆင်းလှပရ၏။ ဤသို့စိတ်စေတနာတို့၏ ကွဲပြားမှုကြောင့် ရုပ်ချောခြင်း အကျည်းတန်ခြင်းတို့ ကွဲပြားရခြင်းဖြစ်၏ဟု မိန့်တော်မူပါသည်။ (ဓ၊ ၃၊ ၂၄၅)

No comments:

Post a Comment