နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။
*မင်းကွန်း ဆရာတော်ဘုရားကြီး၏ ခန္ဓာငါးပါး ၀ိပဿနာလင်္ကာ* (၁) ရုပ်ဟုတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၂) ဝေဒနာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၃) သညာတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၄) သင်္ခါရတွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ (၅) ၀ိညာဏ်တွင်မည်၊ ခန္ဓာသည်ကား၊ မြင့်ရှည်ကာလ၊ မတည်ထဘဲ၊ ခဏဖြစ်လျက်၊ ခဏပျက်၏၊ ဖြစ်ပျက်နှစ်တန်၊ နှိပ်စက်ဒဏ်ဖြင့်၊ တရံမစဲ၊ လွန်ဆင်းရဲ၏၊ ခိုင်မြဲကျောမာ၊ နှစ်မပါဘူး၊ ပညာစက္ခု၊ မြော်ထောက်ရှုလျှင်၊ သူ့သဘာဝ၊ အနိစ္စနှင့်၊ ဒုက္ခ, အနတ္တာ၊ မှန်လှစွာ၏၊ ငါ, ငါ့ဥစ္စာ၊ ငါ့လိပ်ပြာဟု၊ ဘာတစ်ခုမျှ၊ မဟုတ်ကြသည်၊ ဓမ္မသက်သက်ပါတကား။ ။
Showing posts with label စာတမ်း. Show all posts
Showing posts with label စာတမ်း. Show all posts

Tuesday, 14 June 2011

ကမ္ဘာကြီးအစ မေတ္တာက


ကမ္ဘာကြီးစတင်ရာကာလ၌ မေတ္တာဖြင့်ပင်စတင်ခဲ့၏။ ကြားကာလ၌လည်း မေတ္တာဖြင့်ပင်ထိမ်းချုပ်ခဲ့၏။ ကမ္ဘာနှင့်မေတ္တာသည် ခွဲခွါ၍မရကောင်းပေ။ မေတ္တာမရှိသောနေ့သည် ကမ္ဘာမရှိသောနေ့ပင်ဖြစ်သည်။ ကမ္ဘာ့ပေါ်ရှိ လူသားတို့၏ အသက်တစ်ရာတမ်းတွင် လောက၌ ဗုဒ္ဓရှင်တော်မြတ်ပွင့်ထွန်းတော်မူလာ၏။ မေတ္တာဝါဒသည် ဗုဒ္ဓ၏သဗ္ဗညုတဥာဏ်တော်ကိုမှီခိုခွင့်ရသဖြင့် ပို၍တောက်ပြောင် ကျယ်ပြန့်လာ၏။ လူသားတို့၏ကမ္ဘာကြီးသည် ပို၍စိုပြည်လမ်းဆန်းလာတော့၏။
ဗုဒ္ဓမပွင့်မီက မေတ္တာဝါဒသည် မတောက်ပြောင် မကျယ်ပြန့်ယုံသာမက မေတ္တာဝါဒကျင့်သုံးသော လူနည်းစုအား ဗြဟ္မာပြည်အထိသာ ပို့ဆောင်နိုင်ခဲ့၏။ မြတ်ဗုဒ္ဓပွင့်ပေါ်တော်မူလာသောအခါ နိဗ္ဗာန်အထိတွန်းပို့နိုင်သော ပင်မအင်အားကြီးအဖြစ် တွေ့မြင်လာကြရပေသည်။ လူသားတို့အတွက် အခြေခံပဓာနဖြစ်၍ ငြိမ်းချမ်းစွာအတူတကွ နေထိုင်ရေး ဥပဒေသအဖြစ်လည်း ပို၍တွေ့မြင်လာကြရ၏။
ကမ္ဘာ့အလှတန်းဆာ၊ ကမ္ဘာ့ပီယဆေး၊ အရာအားလုံးစည်းရုံးရေး၊ ညီညွတ်ရေးလက်နက်၊ စွမ်းအားအကြီးဆုံး အောင်မြင်ရေးလက်နက်၊ သေခြင်းတရားကိုပင် ရဲရဲရင်ဆိုင်ရဲသော ရဲဆေးကြီး၊ ကမ္မဋ္ဌာန်းလေးဆယ်တွင် စွမ်းရည်အများဆုံးပါဝင်၍ အမြန်ဆုံးသမာဓိရလွယ်သောစိတ်ထိန်းနည်း၊ စကြာဝတေးမင်းလုပ်ရသည်ထက်မြတ်သော ကုသိုလ်အစုအပုံကြီး၊ ခြောက်ဆယ့်လေးကမ္ဘာတိုင်တိုင် စွမ်းရည်အာနိသင်မကုန်ဆုံးဘဲ လူ နတ် ဗြဟ္မာ သတ္တ၀ါတို့ထက် မြင့်မြတ်အောင်ပို့ဆောင်နိုင်သော ဘ၀မြင့်မားရေး နည်းပညာ စသည်အားဖြင့် မေတ္တာ၏အားကိုးဖွယ် စွမ်းရည်သတ္တိဂုဏ်ထူးဝိသေသ တို့သည် များပြားလှကုန်၏။ ထို့ကြောင့် ဗုဒ္ဓရှင်တော်မြတ်သည် မေတ္တာကို လောကီလောကုတ္တရာ သံသရာနှင့် လက်ရှိဘ၀အတွက် ပထမဦးဆုံးလိုက်နာရမည့် အခြေခံပဓာန ပင်မအင်အားကြီးအဖြစ် ညွှ့န်ပြတော်မူခဲ့ခြင်းဖြစ်လေသည်။
ဘုရားရှင်နှင့်အတူ တပည့်သာဝကအဆက်ဆက်တို့သည် လူသားတို့ချမ်းသာမှုအတွက် သာသနာပြုရာ၌ မေတ္တာတရားကို ထိပ်တန်းလက်နက်ကြီးအဖြစ် ကိုင်ဆောင်သုံးစွဲ၍ အောင်မြင်မှုကို ပြတော်မူခဲ့ကြလေသည်။ ဘ၀လွတ်မြောက်ရေးအတွက်လည်း အသုံးချပြတော်မူခဲ့ ပြန်လေသည်။ အထူးသဖြင့် ဘုရားရှင်သည် လောကနယ်ပယ်အတွင်း လောကီနှင့်မကင်းသေးသူတိုင်း အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ အရာအားလုံးပြည့်စုံပြီး အကောင်းဆုံး၊ အမြင့်ဆုံး၊ အချမ်းမြေ့ဆုံး၊ အသာယာဆုံးသောဘ၀ကို ရရှိစေရန် မေတ္တာဝါဒကို ချမှတ်ညွှန်ပြတော်မူခဲ့၏။ လောကလူသားတို့နှင့် ဆက်သွယ်ရာ၌ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း မေတ္တာဝါဒကို ရှေ့တမ်းတင်တော်မူခဲ့၏။  လောကရှိဝါဒအမျိုးမျိုးတို့တွင် အနတ္တ၀ါဒစသော အခြားသောဝါဒများအပေါ်၌ အချို့သောမကြိုက်မနှစ်သက်သောသူများရှိခဲ့သော်လည်း မေတ္တာဝါဒကို လက်မခံနိုင်သောသူမကြိုက်မနှစ်သက်သောသူ တစ်ဦးတစ်ရောက်မျှမရှိခြေ။ ကမ္ဘာပေါ်ရှိ ဘာသာအမျိုးမျိုး၊ လူမျိုးအသီးသီးတို့သည်လည်း မေတ္တာဝါဒဘက်သို့ မျက်နှာမူလာခဲ့ကြသည်။ ဘုရားရှင်ပွင့်တော်မမူခင် မဇ္ဈိမဒေသ၌ ဗြဟ္မာကိုဦးတိုက်၍ ဗြဟ္မဏ၀ါဒ ဗြဟ္မ၀ိဟာရ၀ါဒကို လက်ခံကြသည်ဆိုသော်လည်း ဗြဟ္မဏလူမျိုးတို့သည် ဆိက်၊ ၀က်၊ သိုး၊ နွားများကို ရာနှင့်ချီ၍သက်ဖြတ်ကာ ယာဇ်ပူဇော်ပွဲများကို ဘုရားပွင့်တော်မူစဉ်အချိန်အထိ ပြုလုပ်ခဲ့ကြလေသည်။
ဘုရားရှင်ပွင့်တော်မူလာ၍ မြတ်ဗုဒ္ဓ၏မေတ္တာဝါဒ အရှိန်အ၀ါများ အားကောင်းလာချိန်မှစ၍ ယခုအချိန်အထိ ဗြဟ္မဏတို့သည် နိဂဏ္ဍဂိုဏ်းဝါဒနှင့် ပူးတွဲလျှက် အဟိံသာဝါဒ၊ မေတ္တာဝါဒကို လက်ကိုင်ပြုခဲ့ကြ၏။ အနောက်နိုင်ငံများတွင်ကား မေတ္တာတရား မေတ္တာဝါဒကို အသက်နှင့်လဲ၍ပင် ထူထောင်ခဲ့ကြလေသည်။
အထူးသဖြင့် မြတ်ဗုဒ္ဓပွင့်တော်မူလာခြင်းသည် ဗုဒ္ဓဘာသာဝင်တို့အတွက်သာမက စဉ်းစားဉာဏ်အသိဉာဏ်ရှိသော မည်သည့်လူမျိုး မည်သည့်ဘာသာဝင်တို့အတွက်မဆို အကျိုးသက်ရောက်မူရှိခဲ့သည်မှာ ငြင်းပယ်၍မရနိုင်ပေ။ မြတ်ဗုဒ္ဓပွင့်တော်မူလာ၍ ကမ္ဘာသူကမ္ဘာသား ကမ္ဘာ့ဘာသာ လူမျိုးအသီးသီးတို့ထံသို့ မြတ်ဗုဒ္ဓ၏မေတ္တာဝါဒ စိမ့်ဝင်စီးဆင်းကာ လွှမ်းမိုးသွားသဖြင့် ကိုယ်ချင်းစာတရား မေတ္တာတရားထားကာ ချမ်းသာမှုကိုယ်စီရရှိနေကြကြောင်းကိုလည်း ပညာရှင်များဆိုကြသည်။
ဗုဒ္ဓမပွင့်ပေါ်မီ သာသနာတော်အပြင်ဘက်၌ မေတ္တာဝါဒသည် မည်မျှပင် ထွန်းကား၍ ကျင့်သုံးလာခဲ့ကြသည်ဟု ဆိုစေကာမူ စင်စစ်အားဖြင့် မေတ္တာဝါဒသည် သာသနာတော်အပြင်ဘက်၌ ပြည့်စုံစွာမရှိနိုင်ကြောင်း မြတ်ဗုဒ္ဓကိုယ်တော်တိုင် မေတ္တာသဟဂတ သုတ္တာန်၌ အထင်အရှား ဟောတော်မူခဲ့သည်။ သို့ဖြစ်၍ မေတ္တာတရားကို စိတ်ဝင်တစား စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လေးလေးစားစား ကျင့်သုံးပွားများနေခဲ့လျှင် မေတ္တာတရာ၏ ကြည်လင်အေးမြသော အရသာကို ဧကံမုချခံစားရမည်ဖြစ်ပေသည်။ (မေတ္တာဝါဒ၊ ၁၆)

Friday, 10 June 2011

ချစ်ခြင်းနှစ်မျိုး


ချစ်ခြင်းမှာလည်း တဏှာချစ်နှင့် မေတ္တာချစ်ဟူ၍ နှစ်မျိုးနှစ်စားရှိလေသည်။ ထိုတွင် တဏှာချစ်ဆိုသည်မှာ သူ့အတွက် သူ့အလိုဆန္ဒပြည့်ဝအောင် တစ်ဦးတစ်ယောက်အပေါ်သာကွက်၍ တဏှာရာဂစိတ်ဖြင့်ချစ်သော ချစ်ခြင်းဖြစ်သည်။ လင်ချစ် မယားချစ် မောင်ချစ် နှစ်မချစ်စသည်တို့မှာလည်း မခွဲနိုင်မခွာရက် တွယ်တာမှုဖက်နေသော ချစ်ခြင်းဖြစ်သောကြောင့် တဏှာချစ်ပင် ဖြစ်လေသည်။ ထိုတဏှာချစ်ကား လောဘတဏှာဦးဆောင်မှုကြောင့် ချစ်သူ အချစ်ခံရသူ နှစ်ဦးလုံး ပူပန်ဆင်းရဲရလေသည်။
မေတ္တာချစ်ဆိုသည်မှာ သတ္တ၀ါများအပေါ်၌ ပျံ့နှံ့၍ချစ်ခြင်းဖြစ်သည်။ ပညာဉာဏ်ရှေ့သွားပြုသော ချစ်ခြင်းဖြစ်သည်။ ထိုမေတ္တာအချစ်ကား အဒေါသဦးဆောင်မှုကြောင့် ချစ်သူအချစ်ခံရသူ နှစ်ဦးလုံး စိတ်ချမ်းမြေ့မှုအပြည့်အ၀ရရှိပေသည်။ မေတ္တာအချစ်ကား တွယ်တာမှုမရှိ၊ စွန့်လွတ်နိုင်၏၊ မခွဲနိုင်မခွါရက်ဖြစ်နေအောင်ချစ်ခြင်းသည် မေတ္တာချစ်မဖြစ်နိုင်ဘဲ တဏှာချစ်သာဖြစ်တော့သည်။ မေတ္တာပွားများရာ၌ ချစ်ခြင်းဟူသည် မေတ္တာချစ်ကိုသာဆိုလို၍ လည်းကောင်းကိုသာ ယူရမည်ဖြစ်သည်။ (၀ိသုဒ္ဓိ၊ ဋီ၊ ၁၊ ၃၇၈)

ချစ်ခြင်းပေမသုံးမျိုး


မေတ္တာပါရမီဟူသောစကား၌ မေတ္တာဟူသောပါဠိကို ရှေးဆရာတို့က ချစ်ခြင်း ဟူ၍အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ ပေမ ဟူသောစကားကိုလည်း ရှေးဆရာများက ချစ်ခြင်း ဟူ၍ပင်အနက်မြန်မာ ပြန်ဆိုတော်မူခဲ့ကြသည်။ မေတ္တာသဒ္ဒါဟောအပ်သည့် ချစ်ခြင်းကားအနက်ထူးဖြစ်၍ ပေမသဒ္ဒါဟောအပ်သည့် ချစ်ခြင်းကား သာမညဖြစ်သည်။ ထို့ကြောင့်ပေမ-အရချစ်ခြင်းကို-
၁။    တဏှာပေမ
၂။    ဂေဟဿိတပေမ
၃။    မေတ္တာပေမ --ဟူ၍သုံးမျိုးခွဲပြထားသည်။( မဟာဗုဒ္ဓဝင်၊ပ-တွဲ၊ပ-ပိုင်း။)
        ထိုသုံးမျိုးတွင်---
        တဏှာပေမဟူသည် မိန်းမနှင့်ယောက်ျားအချင်းချင်း တဏှာလောဘ၏အစွမ်းဖြင့် ချစ်ကြိုက်ကြခြင်းကို ခေါ်ဆို၏။ ဤတဏှာပေမကို အလင်္ကာကျမ်း၌ သိင်္ဂါရဟုခေါ်ဆို၏။(အဘိဓာန်၊၁၄။)
        ဂေဟဿိတပေမ-ဟူသည်မိဘနှင့်သားသမီး၊ညီနှင့်အကို၊မောင်နှင့်နှမစသည်တို့အချင်းချင်း ချစ်ခင်တွယ်တာမှုကို ဂေဟဿိတပေမ-ဟုခေါ်၏။အိမ်၌နေခြင်းကို မှီ၍ဖြစ်သော ချစ်ခြင်းဟူ၍လည်း ခေါ်၏။(မဟာဗုဒ္ဓဝင်၊ပ-တွဲ၊ပ-ပိုင်း။)ဤချစ်ခြင်းကို အလင်္ကာကျမ်း၌ ဝစ္ဆလ-ဟုခေါ်၏။(အဘိဓာနပ္ပဒီပိကာပါဠ်၊သာမညကဏ္ဍဝိသေသျာဓိဝဂ်၊၈၉။) ဤတဏှာပေမ၊ ဂေဟဿိတပေမ၊နှစ်မျိုးလုံးပင် ကုသိုလ်တရားမဟုတ်ကြပေ။တဏှာပေမမှာ တဏှာရာဂဖြစ်၍ ဂေဟဿိတပေမမှာလောဘပင်ဖြစ်သည်။
 ၃။ မေတ္တာပေမ-ဟူသည် သူတစ်ပါး၏ အကျိုးစီးပွားဖြစ်ထွန်းမှုကို လိုလားခြင်းသည် မေတ္တာပေမ-မည်၏။ဤမေတ္တာသည် သူတစ်ပါးတို့နှင့် မခွဲမခြားအမြဲယှဉ်တွဲနေလိုခြင်းသဘောမရှိ။ လူအချင်းချင်း စကြာဝဠာတစ်ခုစီပင်ဝေးကွာ၍ နေရစေကာမူ ထိုဝေးကွာနေသူမှာ စီးပွားချမ်းသာဖြစ်သည်ဟု ကြားသိရလျှင် ကျေနပ်ဝမ်းသာ၏။ အတူမနေသည့်အတွက် ခတ်ခဲဝန်လေးခြင်းမရှိ။ သို့ဖြစ်၍ မေတ္တာတရားသည် စင်ကြယ်မွန်မြတ်သော သဘောတရားသာဖြစ်၍ -ဗြဟ္မဝိဟာရ-ဟူသောအမည်ကိုလည်းရ၏။ ဤတရားကိုပွားများ၍နေလျှင် မြတ်သောနေခြင်းဖြစ်သည်ဟူ၍ ဆိုလို၏။
        မေတ္တာတရား သာမဟုတ်သေး၊ ကရုဏာတရား၊မုဒိတာတရား၊ ဥပေက္ခာတရားတို့သည်လည်း ဗြဟ္မဝိဟာရ-ဟူသောအမည်ကို ရကြကုန်၏။ ချစ်ခြင်းမေတ္တာတရားကို ပွားများရမည်ဆိုရာ၌ မစင်ကြယ်သောတဏှာပေမချစ်ခြင်း၊ ဂေဟဿိတပေမချစ်ခြင်းတို့မဟုတ်စေဘဲ စင်ကြယ်မွန်မြတ်လှသော မေတ္တာပေမတရားသာဖြစ်ရမည်ကို အထူးသတိပြု၍ မှတ်သားအပ်ပေသည်။     

Friday, 3 June 2011

မေတ္တာပါရမီ



ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းသာယာ လှပစေရန် မေတ္တာပါရမီကို ဖြည့်ကျင့်ရမည်။ ပါရမီဆိုသည်မှာ ဘုရားအလောင်းတော်များ ကျင့်ကြံပြုလုပ်အပ်သော ဒါနစသော တရားအစုကို ပါရမီဟု ဆိုပါသည်။ တန်ခိုးအားဖြင့် မြင့်မြတ်သောသူတို့၏ လုပ်ငန်းစဉ်ဟု အဓိပ္ပါယ်ရှိရာ မိမိသူတစ်ပါးနှင့် လောကသံသရာ နှစ်ဖြာသော အကျိုးကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မေတ္တာပါရမီသည် ပါရမီဆယ်ပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သည်။
သုမေဓာရှင်ရသေ့သည် အဓိဋ္ဌာနပါရမီကို တွေ့ရှိသိမြင် ဆင်ခြင်တော်မူပြီးနောက် ဘုရားအဖြစ်ကို ပြုတတ်သော တရားတို့သည် ဤရှစ်ပါးမျှသာ မဟုတ်နိုင်သေး၊ အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်တို့ကို ရင့်သန်စေနိုင်သော အခြားတရားများလည်း ရှိရဦးမည်။ ထိုတရားများကိုလည်း စူးစမ်းရှာဖွေအံ့ဟူ၍ စူးစမ်းဆင်ခြင်သောအခါ ရှေးရှေးသောဘုရားအလောင်းတို့ အစဉ်မှီဝဲ အမြဲလေ့လာပွားများအပ်သည့် ကိုးခုမြောက်ဖြစ်သော မေတ္တာပါရမီကို မြင်တော်မူလေသည်။
ထိုသို့မြင်တော်မူပြီးလျှင် “အမောင်သုမေဓာ သင်သည် အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်သို့ ရောက်ရဖို့ရန် အကယ်၍ အလိုရှိငြားအံ့။ ဤကိုးခုမြောက်ဖြစ်သော မေတ္တာပါရမီတော်ကို အစွဲအမြဲပြုကာ ဆောက်တည်ပြီးလျှင် မေတ္တာဘာဝနာအားဖြင့် အခြားသူတို့နှင့် မတူအောင် ကျင့်ဆောင်ကြိုးကုပ် အားထုတ်တော်မူလေ” ဟု မိမိကိုယ်မိမိ ဆုံးမတော်မူလေသည်။ တစ်ဖန်ဆက်၍လည်း လောက၌ ရေမည်သည်မှာ သူတော်ကောင်းသူယုတ်မာဟု မျက်နှာကြီးငယ်မရွေး သုံးစွဲသမျှသောသူတို့ကို အအေးဓာတ်ပြန့်နှံ့စေ၍ မြူအညစ်အကြေးကို ကင်းဝေးသုတ်သင် စင်ကြယ်စေသကဲ့သို့ ဤအတူသာလျှင် အမောင်သုမေဓာသည်လည်း မိမိအပေါ်၌ အစီးအပွားကို မလိုလားသောရန်သူ၊ အစီးအပွားကို လိုလားသောမိတ်ဆွေ ဤနှစ်ထွေသောသူတို့ကို အညီအမျှ မေတ္တာတရား ပွားများလေလော့။ မေတ္တာပါရမီ အထွတ်အထိပ်သို့ရောက်သည်ရှိသော် အမောင်သုမေဓာသည် အရဟတ္တမဂ်ဥာဏ်၊ သဗ္ဗညုတဥာဏ်သို့ ရောက်ပေလိမ့်မည်။ ဘုရားဖြစ်ပေလိမ့်မည် ဟူ၍ မိမိကိုယ်ကိုယ်မိမိ ဆုံးမတော်မူပြန်လေသည်။ (မဟာဗုဒ္ဓ၀င်၊ ပ-တွဲ၊ ၉၄)

Wednesday, 1 June 2011

မေတ္တာဟူသော ပါဠိပုဒ်ကို သဒ္ဒါနည်းအားဖြင့် ဓာတ်ခွဲခြင်း


မေတ္တာဟူသော ပါဠိပုဒ်ကို သဒ္ဒါနည်းအားဖြင့် ဓာတ်ခွဲလျှင် မိဒ-ဓာတ်၊ တ-ပစ္စည်း၊ ဣတ္ထိလိင်ဇောတက အာ-ပစ္စည်းဖြစ်သည်။ မေတ္တာပုဒ်ပြီးရန် မိဒ-ဓာတ်၏ ဓာတွန် ဒ-ကို တ-ပြု၊ မ ၏အစိတ် ဣ-ကိုလည်း ဧ-ပြုရသည်။ ထိုအခါ မေတ္တာ ဟူသောပုဒ် ပြီးလေသည်။ ယင်းသို့ပြီးသောအခါ မိဒ-ဓာတ်၏ အနက်အဓိပ္ပါယ်ကိုလည်း ဓာတွတ္ထသင်္ဂဟကျမ်း၌ စေးကပ်ခြင်း၊ ချစ်ခင်နှစ်သတ်ခြင်းစသည့် အနက်ကို ဟောကြောင်းပြဆိုထားပေသည်။ (ဓာတွတ္ထ၊ ၂၉၀)ဤနေရာ၌ မေတ္တာကို စေးကပ်တတ်သော ကော်နှင့် နှိုင်းထားပေသည်။ အမှန်အားဖြင့် စေးကပ်ခြင်းဆိုသည်မှာ စည်းလုံးခြင်း၊ ကွဲကွာမသွားစေခြင်း သဘောပင်ဖြစ်သည်။ ဖရိုဖရဲကွဲကွဲပြားပြားဖြစ်နေသော အရာများကို ကော်စေးဖြင့် တစည်းတစ်လုံး တညီတညွတ်တည်းဖြစ်အောင် ပြုလုပ်ထားသည်ဟု ဆိုလိုသည်။ ထိုကဲ့သို့ ကွဲပြားနေသော အရာများကို ကော်စေးဖြင့် ဆွဲကပ်ထားလျှင် မညီညွတ်ခြင်း၊ ကွဲပြားခြင်း မဖြစ်နိုင်တော့ပေ။ ထို့အတူ လောကလူသား သတ္တ၀ါအားလုံးကို ကွဲကွာမသွားအောင် အချင်းချင်း ချစ်ခင်ကြင်နာ ကိုယ်ချင်းစာနာမှုရှိအောင် စည်းလုံးညီညွတ်၍ ငြိမ်းချမ်းသာယာအောင် ပေါင်းကူးစုစည်းပေးတတ်သောအရာသည် မေတ္တာသာဖြစ်ပါသည်။ မေတ္တာသည် စည်းလုံးညီညွတ်မှုကို ဖြစ်စေတတ်သော ပေါင်းကူးတံတားကြီးပင် ဖြစ်ပါသည်။ လောကတွင် မေတ္တာတည်းဟူသော ကော်စေးဖြင့် စည်းလုံးထားရှိမှသာလျှင် အချင်းချင်းညီညွတ်၍ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင်လည်း အဆင်ပြေ ချောမွေ့နိုင်ပေသည်။ မေတ္တာအစေးဖြင့် စည်းလုံးမထားနိုင်လျှင် မူကား အချင်းချင်းဆက်ဆံရာတွင် ပြေလည်နိုင်မည်မဟုတ်ပေ။ ဆက်ဆံရေးမပြေလည်လျှင် စည်းလုံးညီညွတ်မှုမရှိနိုင်ဘဲ စိတ်ဝမ်းကွဲဖို့နှင့် ခိုက်ရန်ဖြစ်ပွားဖို့သာ ရှိတော့သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးပြေပြစ်စေရန် တစ်သားတည်း ရှိဖို့လိုသည်။ တစ်ဦးနှစ်တစ်ဦး စေးကပ်ချစ်ခင်ခြင်း၊ စည်းလုံးခြင်း၊ မကွဲမကွာစေခြင်းတို့ ဖြစ်စေရန် လူသားတိုင်း၏ နှလုံးသား၌ ကော်စေးနှင့်တူသော ချစ်ခြင်းမေတ္တာတရားများ ကိန်းအောင်းလာစေရန် အထူးလိုအပ်လှပေသည်။ လူသားတို့၏ နှလုံးသားထဲ၌ ချစ်ခြင်းမေတ္တာတရားများ ကိန်းအောင်းတည်ရှိလာလျှင် ဤလူဘ၀ လူဌာန လူလောကနှင့် ကမ္ဘာမြေတစ်ခုလုံး ငြိမ်းချမ်းသာယာပြီး လှပလာနိုင်မည် ဖြစ်ပေသည်။

Tuesday, 31 May 2011

မေတ္တာဆိုသည်မှာ


မေတ္တာဆိုသည်မှာ သတ္တ၀ါတို့ကို မိတ်ဆွေအနေဖြင့် ချစ်ခင်မြတ်နိုးလျှက် မိမိသူတစ်ပါး အကျိုးစီးပွားကို လိုလားခြင်း၊ ဆောင်ရွက်ခြင်း၊ ကိုယ်နှင့်ထက်တူ အကျိုးစီးပွားရှိစေလိုခြင်း၊ ချမ်းသာစေလိုသောစိတ်၊ ကောင်းစားစေလိုသောစိတ်ထားရခြင်း၊ ချစ်ခင်နှစ်သတ် ကျေနပ်ခြင်းသဘောပင် ဖြစ်ပါသည်။ (ဘိ၊ ဋ္ဌ၊ ၁၊ ၂၃၇။)
အကျယ်ချဲ့၍ဆိုရပါမူ ကူညီခြင်း၊ အနစ်နာခံခြင်း၊ ခွင့်လွှတ်သည်းခံခြင်း၊ ချိုသာယဉ်ကျေးစွာ ပြောဆိုဆက်ဆံခြင်း၊ ချီးကျူးခြင်း၊ မွန်မြတ်ခြင်းစသော စိတ်ထားတို့သည်လည်း မေတ္တာတရားပင် ဖြစ်ပါသည်။ မေတ္တာသည် လက္ခဏာစသည်အားဖြင့် သတ္တ၀ါတို့၏ အကျိုးစီးပွားကို လိုလားသောအားဖြင့် ဖြစ်ခြင်းလက္ခဏာ ရှိ၏။ အစီးအပွားကို ဆောင်ခြင်းကိစ္စရှိ၏။ မေတ္တာတရားကို ပွားများသောပုဂ္ဂိုလ်၏သန္တာန်၌ ဒေါသတရား ချုပ်ငြိမ်းနေ၍ သူတစ်ပါးအပေါ်၌ ရန်ငြိုးဖွဲ့မှု အာဃာတတရားကို ပယ်ဖျောက်ရခြင်း ပစ္စုပဋ္ဌာန်ရှိ၏။ သတ္တ၀ါတို့၏ ချစ်ခင်မြတ်နိုးဖွယ် အဖြစ်ကို ရှုခြင်းလျှင် နီးစွာသောအကြောင်းရင် ပဒဋ္ဌာန်ရှိ၏။ (ဘိ၊ ၁၊ ၆၆။ ဘိ၊ ဋ္ဌ၊ ၁၊ ၂၃၆။)
ဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သောတရားမှာ မေတ္တာပင်ဖြစ်၏။ မေတ္တာဟူသောစကားကို ကမ္ဘာပေါ်တွင် လူမျိုးအလိုက်၊ ဘာသာအလိုက် သုံးနှုံးပြောဆိုလျက်ရှိသည်။ မေတ္တာသည် အများသုံးစကားတစ်ခု ဖြစ်ပြီး လူတိုင်းတွင်ရှိသင့်သော သဘောတရားတစ်ခု ဖြစ်သည်။ မြန်မာတို့သည် မေတ္တာဟူသောစကားကို လူကြီးလူငယ်မကျန် ပြောဆိုတတ်ကြသောကြောင့် ယဉ်ကျေးမှုစကားတစ်ခွန်းဟု မှတ်ယူထားကြ၏။ မြန်မာတို့နယ်ပယ်တွင် တစ်ယောက်နှင့်တစ်ယောက် မေတ္တာမျှသည်၊ မေတ္တာထားပါ၊ မေတ္တာရှေ့ထား၊ တစ်ဦးမေတ္တာတစ်ဦးမှာ၊ မေတ္တာဝတ်ရုံ အတူတူခြုံ၊ မေတ္တာရေချမ်း ပက်ကာဖြန်း၊ မေတ္တာဆွတ်ဖြန်း ရန်မသန်း၊ မေတ္တာခြုံမှလုံမည်၊ နတ်ပြည်ခြောက်ထပ် မေတ္တာဓာတ်၊ မေတ္တာသက်လုံ၊ မေတ္တာရောင်ပြန် စသည်ဖြင့် မေတ္တာစကားလုံးကို နေရာဒေသအလိုက် သုံးနှုံးပြောဆိုကြလေသည်။
ထိုမေတ္တာသည် သတ္တ၀ါပညတ်ကို အာရုံပြုကာ ချမ်းသာပါစေ စသည်ဖြင့် သတ္တ၀ါတို့၏ စီးပွားချမ်းသာကို လိုလားသော အခြင်းအရာအားဖြင့်ဖြစ်သော အဒေါသစေတသိက်ကို မေတ္တာဟူ၍ခေါ်သည်။ ထို့ကြောင့် မေတ္တာဆောင်လျှင်အောင်မည်၊ မေတ္တာမြှင့်လျှင် မြင့်သည်၊ မေတ္တာမလျှင် ရသည်၊ မေတ္တာခြုံလျှင် လုံသည်၊ မေတ္တာပေးလျှင် ဌေးသည်၊ မေတ္တာပြုလျှင် နုသည်၊ မေတ္တာဆင်လျှင် ယဉ်သည်ဟု ဆိုကြလေသည်။

အလှဆုံးတရား


လောက၌ မေတ္တာထက်ပိုလှသော အရာသည်မရှိပေ။ ယောက်ျားတို့သည်လည်းကောင်း၊ မိန်းမတို့သည်လည်းကောင်း မိမိတို့၏ရုပ်အသွင်ကို လှသည်ထက်လှအောင် ခံ့ငြားသည်ထက် ခံ့ငြားအောင် ၀တ်စားဆင်ယင်ကြ၏။ အဖိုးတန်ရတနာများဖြင့် တန်ဆာဆင်ကြ၏။ အလှပြင်ဆိုင်များ၌ အခကြေးငွေ ကြီးစွာပေး၍ အလှပြင်ကြ၏။ သို့သော် အရေးကြီးဆုံးဖြစ်သည့် စိတ်ကို အလှပြင်ဖို့ မေ့နေတတ်ကြသည်။ လောက၌ သည်းခံနိုင်သူ၊ ခွင့်လွှတ်နိုင်သူ၊ စိတ်ထားမွန်မြတ်သူသည် ယခုဘ၀၌လည်း လှပတင့်တယ်၏။ နောင်တမလွန်ဘ၀များ၌လည်း လှပတင့်တယ်ဦးမည်ဖြစ်၏။ ညစ်ထေးဟောင်းနွမ်းနေသည့် အ၀တ်တန်ဆာများဖြင့် ဖုံးလွှမ်းထားသည်ဖြစ်စေကာမူ ဤစိတ်လှသူ၏အလှသည် ထင်ပေါ်နေမည်သာဖြစ်သည်။မေတ္တာနှင့်ယှဉ်သော စိတ်သည်သာလျှင် သည်းခံနိုင်၏။ ခွင့်လွှတ်နိုင်၏။ မွန်မြတ်လှပ၏။ ကြည်လင်အေးမြ၏။ သို့အတွက် မေတ္တာပိုင်ရှင်၏ ရုပ်သွင်မျက်နှာသည် စန်းလပမာ ကြည်လင်အေးမြ၏။ မြင်ရသူတိုင်း စိတ်ရွှင်လန်း ၀မ်းမြောက်သွားစေ၏။ ဆားမပါသောဟင်းသည် အရသာမရှိသကဲ့သို့ မေတ္တာကင်းသော ဘ၀သည်လည်း သာယာစိုပြေခြင်း မရှိနိုင်ပါ။ မေတ္တာခြယ်သလိုက်သည်နှင့် တစ်ပြိုင်နက် ခရောင်းတောသဖွယ် မွဲခြောက်နေသည့် လောကကြီးသည် သာယာလှပ စိုပြေလန်းဆန်းလာစေတော့သည်။

Tuesday, 17 May 2011

လှချင်သူတိုင်းအတွက်ဖန်တီးရှင်


အခန်း (၁)
အလှဖန်တီးရှင်ဆိုသည်မှာ
        လောကတွင်ရှိကြသော ယောင်္ကျားမိန်းမအားလုံးတို့သည် အလှအပကို မြတ်နိုးကြ၏။ ခုံမင်နှစ်သက်ကြ၏။ လိုချင်တပ်မက်ကြ၏။ ပိုင်ဆိုင်ချင်ကြ၏။ အလှအပဖြင့်လူများစွာကို ကြည်နူးကျေနပ်စေချင်ကြ၏။ ရွှင်လန်း ၀မ်းမြောက်စေချင်ကြ၏။ အလှအပကိုမြင်ရလျှင်လည်း ကြည်နူးကျေနပ်ကြ၏။ ရွှင်လန်းဝမ်းသာကြ၏။
        လူအများစုသည် နေ့စဉ်နှင့်အမျှ မိမိခန္ဓာကိုယ်ကို လှပတင့်တယ်စေပြီး သူတစ်ပါးတို့ အာရုံညွတ် တပ်မက်စေကြရန် ရည်ရွယ်လျက် မိမိခန္ဓာကိုယ်ကို အ၀တ်အမျိုးမျိုး ရွှေ၊ငွေ၊စိန် ကျောက်သံပတ္တမြားအသီးသီး၊ နှင်းဆီ၊ စံပယ်စသည့်ပန်းအသွယ်သွယ် မိတ်ကပ်နံ့သာမျိုးစုံ ချယ်လျှက်အမျိုးမျိုးဆင်ယင်ချယ်သကာ လှသည်ထက် လှစေရန်၊ တင့်တယ်သည်ထက်တင့်တယ်စေရန်၊ ပြုလုပ်နေကြ၏။ ကာယလေ့ကျင့်ခန်းကိုလည်း နည်းမျိုးစုံအောင် လေ့ကျင့်နေကြ၏။ ထို့ကြောင့်လည်း လူတို့၏ရုပ်ခန္ဓာကိုယ်သည် ပင်ကိုယ်ထက်သာ၍ လှနေကြ၏။ သာ၍ တင့်တယ်နေကြ၏။ ကြာပန်းသည် ကိုယ်တိုင်လည်းလှ၏။ သူ၏ပတ်ဝန်းကျင်ရေကိုလည်းလှပစေ၏။ စိတ်ကောင် စေတနာကောင်းရှိပြီး သူတစ်ပါးကို ကူညီတက်သူသည် ကိုယ်တိုင်လည်း စိတ်သဘောထားလှသူဖြစ်ပြီး သူ့ပတ်ဝန်းကျင်ကိုလည်း လှပစေသူဖြစ်၏။ လှချင်သူသည် စိတ်ကောင်းစေတနာကောင်းများကို ဖန်တီး ထားရမည်ဖြစ်သည်။
        စေတနာသည် ကံမည်၏။ စေတနာသည် စေ့ဆော်ခြင်းဖြစ်၏။ ကောင်းသောစေ့ဆော်ခြင်းကြောင့် ကောင်းသောကံများဖြစ်၏။ မကောင်းသောစေ့ဆော်ခြင်းကြောင့် မကောင်းသောကံများဖြစ်၏။ ကောင်းသော စေ့ဆော်ခြင်းသည် ကောင်းကျိုးကိုအစဉ်ဖြစ်စေ၍ အလှပေါင်းခညောင်းနေ၏။ ကောင်းမကောင်းကို ခွဲခြားသိနေခြင်း၊ ကောင်းခြင်းအတွက် ရုန်းကန်လှုပ်ရှားနေခြင်းသည် မကောင်းခြင်းကို အနိုင်ရ၍ လှပနေခြင်းပင်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ကောင်းခြင်းအတွက် ရုန်းကန်ခြင်းကိုရပ်တန့်သွားလျှင် မကောင်းကိုအကောင်းထင်၍ အကောင်းကိုမကောင်းထင်သွားလျှင် အကျည်းတန်အရုပ်ဆိုးသွားရတော့၏။ မြတ်ဗုဒ္ဓက မကောင်းမှုကိုမပြုရန်၊ ကောင်းမှုကိုပြု၍ စိတ်ကိုစင်ကြယ်စွာထားရန် တိုက်တွန်းထား၏။ (၀ိ၊ ဋ္ဌ၊ ၁၊ ၁၅၄) စိတ်ကိုဖြူစင်စေရန် ကြိုးစားသင့်၏။ ထိုသို့မဟုတ်ပါက နေ့ရက်များကြာလာသည်နှင့်အမျှ စိတ်ကိုမဖွတ်လျှော်တက်လျှင် စိတ်အစဉ်ညစ်နွမ်း၍ မရွှင်မလန်းဖြစ်လျက် စိတ်ညစ်ပြီး အကျည်းတန် အရုပ်ဆိုးနေတက်၏။
        လူသည် ဘ၀ပေးအခြေအနေအရ မိမိရပ်တည်ရာ မွေ့လျော်ရာဝမ်းတစ်ထွာဖြည့်ရာ၌ သစ္စာရှိစွာ သတ္တိရှိစွာ ရိုးသားစွာတွယ်ဖက်ထားလျက် ဖြူစင်သောစိတ်ကို မွေးမြူထားမှသာ အစဉ်လှပနေမည်ဖြစ်၏။ လှပသော သမိုင်းအတွက် လှပသောစိတ်ဓာက်လို၏။ မှန်ကန်ခြင်းသည်လှ၏။ မျှတခြင်းသည်လည်းလှ၏။ စာနာခြင်းသည်လည်းလှ၏။ ကြင်နာခြင်းသည်လည်းလှ၏။ မြင့်မြက်သန့်စင်ခြင်းသည်လည်းလှ၏။ ကြင်နာသော နှလုံးသားသည် သရဖူများထက်လှ၏။ ရိုးသားသောယုံကြည်ချက်များသည် မင်းဆွေမင်းမျိုးထက် မြင့်မြတ်၏။ ရုပ်လှသူတိုင်း မြင့်မြတ်သန့်စင်ချင်မှသန့်စင်သော်လည်း မြင့်မြတ်သန့်စင်မူကား အမြဲလှနေ၏။ လှချင်သူများသည် စိတ်ဓာက်မြင့်မြတ်သန့်စင်စေရန် ကြိုးစားခြင်းဖြင့် အလှသရဖူကို ဆောင်နိုင်၏။
        နှလုံးသားသည် မြင့်မြတ်သန့်ရှင်းစင်ကြယ်သောအခါ စိတ်သည်လည်း ငြိမ်းအေးချမ်းမြေ့၏။ လောက၌ စိတ်သည် လွန်စွာအရေးပါ၏၊ တန်ခိုးရှိ၏၊ စိတ်ကပင် ဘ၀ကို ဖန်တီးနိုင်၏၊ စိတ်ကပင် ဘ၀ကို ဖျက်ဆီးနိုင်၏၊ စိတ်သန့်ရှင်းခြင်းသည် လှ၏၊ အကြံသစ်၊ ဥာဏ်သစ် တံခါးကိုလည်း ဖွင့်လှစ်စေ၏၊ ရုပ်လုံးကြွ လှပကာ ကြည်နူးချမ်းမြေ့မှုကိုလည်း နှစ်ခြိုက်စွာ ခံစားရ၏၊ နှလုံးသား၏အလှသည် ကမ္ဘာလောကကြိုငိမ်းချမ်းစေ၏။ ငြိမ်းချမ်းရေးခေါင်းလောင်းကိုလည်း မြည်စေ၏။ မြတ်ဗုဒ္ဓက နှလုံးသားလှပသူများကို  လိုလားတော်မူ၏။ သူတော်ကောင်းတို့ကလည်း  ချီးကျူးကြ၏။ ခေတ်စနစ်ကလည်းတောင်းတ၏။ နှလုံးသားလှပသူများသည် လူလောကဝယ် တိုးတက်သာယာသောခေတ်ကို တည်ဆောက်ကြရမည့် ခြေလှမ်းပိုင်ရှင်များဖြစ်ကြ၏။
        နှလုံးသားမလှသူ၊ စိတ်ဓာက်မကောင်းသူများနှင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းသည် လျှင်မြန်စွာ ပျက်သုဉ်းသွားနိုင်၏။ တစ်ဦးတစ်ယောက်၏ နှလုံးသားမလှပမှုသည် ပတ်ဝန်းကျင်ကို စိတ်မချမ်းသာစရာဖြစ်စေ၏။ ဒုက္ခရောက်စေ၏။ အကျည်းတန်စေ၏။ ရုပ်ရည်လှပသော်လည်းနှလုံးသားမလှသူ စရိုက်ဆိုးသူများကို သူတော်ကောင်းတို့က ဖယ်ကြဉ်ကြ၏။ လူ့အသိုင်းအဝိုင်းကလည်း ဖယ်ထုတ်ကြ၏။ လူတို့၏နှလုံးသားသည် အစဉ်သန့်စင်နေရမည်။ စိတ်နှလုံးသားလှပဖို့လို၏။ အရာရာကိုချင့်ချိန်ဝေဖန်တတ်ဖို့လို၏။ အတွေးအခေါ် နက်ရှိုင်းရင့်ကျက်ဖို့လို၏။ ယင်းသို့ဖြစ်ရန် အဘိဓမ္မာပိဋကတ်၌လာသော မေတ္တာတရားကို လူသားတို့၏နှလုံးသားနှင့် ဦးနှောက်မှာ စွဲမြဲစွာတည်၍ ကိန်းဝပ်ငြိကပ်နေစေကြရမည်ဖြစ်သည်။
မြတ်ဗုဒ္ဓညွန်ပြထားသော ယင်းမေတ္တာသည် လောကမှထွတ်မြောက်စေရာဓမ္မလည်းဖြစ်၏။ လောက ဘဝနယ်ပယ်အတွင်း အလှအပကို ဖန်ဆင်းနိုင်သည့် လမ်းညွန်းချက်လည်းဖြစ်၏။ လှချင်သူများသည်လည်း လှပသည်ထက်လှစေရန် မေတ္တာတရားဖြင့်ဖန်တီးကြရမည်ဖြစ်သည်။ သို့ဖြစ်၍ အလှအပကိုဖန်းတီးပေးသော အလှဖန်တီးရှင်ဆိုသည်မှာ မေတ္တာတရားပင်ဖြစ်ပါသည်။

အလှအပကိုဖန်တီးပုံ   
လှချင်သူသည် အလှအပကိုကိုးကွယ်သူ၊ အလှအပ၏သိက္ခာကို ရိုသေလေးစာသူ၊ အလှအပ၏ဘက်တော်သားဖြစ်သူ၊ အလှအပသာလျှင် ဤလူဘောင်၏ ကျက်သရေကိုဆောင်နိုင်မည်ဟု ယုံကြည်သူများသည် အလှအပဟုဆိုသော မတ္တာတရား၏ ဆန့်ကျင်ဘက်အလှအပနှင့် ပြဒါးတစ်လမ်း သံတလမ်းဖြစ်သော စိတ်ဆိုးမှုဒေါသ ကြမ်းတမ်းရက်စက်မှုကောဓကို အထူးရှောင်ရှားရမည်ဖြစ်သည်။ ဒေါသဓားအမိုးခံရသူသည် ယမ်းအိုကွဲပမာ ကိုယ်ကိုလည်းဣနြေ္ဒမဲ့ မိမိဒေါသတည်းဟူသော
ယမ်းစမှန်ပြီး သူတစ်ပါးကိုလည်းထိပါးရသည်မှာ များစွာတွေ့ရ၏၊ မိမိကိုလည်းအရုပ်ဆိုးစေ၏၊ လောကလည်းအကြီးတန်စေ၏၊ ကျောက်ခဲနှစ်ခုထိပွတ်မိသောအခါ မီးပွင့်တတ်သကဲ့သို့ စိတ်ဆိုးခြင်း စိတ်တိုခြင်း ဒေါသမီးခဲရှိသူတို့အချင်းချင်း ရင်ဆိုင်တွေ့သည့်အခါ မီးဟုန်းဟုန်းတောက်ပြီး ပျက်စီးဆုံးရှုးံမှုများဖြစ်ကြရ၏။
ယင်းဒေါသ ကောဓမီးများကို မေတ္တာခန္တီရေအေးများဖြင့် ပတ်ဖျန်းငြိမ်းသတ်ပေးရမည်ဖြစ်၏။ မေတ္တာပန်းခန္တီနံ့သာများကို ပန်ဆင်လိမ်းခြယ်ထားရမည်လည်းဖြစ်၏။ မေတ္တာသည်မှန်ပမာဖြစ်၏။ မေတ္တာထားသူကိုမေတ္တာကပြန်လည်၍ အရောင်ပြန်ဟပ်၏။ မေတ္တာသည်လူသားတိုင်းနှင့် မကင်းကွာကောင်းပေ။ မေတ္တာသည်လူသားတို့၏ ဘ၀ဖြစ်တည်းမှုတွင် အခြေခံအကြဆုံးသော လိုအပ်ချက်ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓကမိမိအပေါ်ဒေါသထွတ်လာသူကို ဒေါသနှင့်ပြန်လည်မဖြေရှင်းရန် မေတ္တာနဲ့သာအနိုင်ယူဖြေရှုင်းရန် ဓမ္မပဒ-ဒုတိယအုပ် ကောဓဝဂ် ဥတ္တရာဥပါသိကာဝတ္ထု၌ အမျက်ဒေါသထွက်သူကို မေတ္တာဖြင့်အနိုင်ယူရမည်၊ မကောင်းသောစိတ်ထားရှိသူကို ကောင်းသောစိတ်သဘောထားဖြင့် အနိုင်ယူရမည်၊ နှမြောဝန်တိုသူကို ပေးကမ်းစွန့်ကြဲခြင်းဖြင့်အနိုင်ယူရမည်၊ မဟုတ်မမှန်သောစကား ပြောဆိုသူကို အမှန်ပြောဆိုသောစကားဖြင့် အနိုင်ယူရမည်ဟုမိန့်တော်မူထားပါသည်။ (ဓ၊ ဋ္ဌ၊ ၂၊ ၁၉၆)
   ခွင့်လွှတ်ခြင်းသည်အပြစ်မယူခြင်း၊ သဘောထားကြီးခြင်း၊ စိတ်နေစိတ်ထား မြင့်မြတ်ခြင်း၊ သဒ္ဓါကြည်ဖြူဖြစ်ခြင်း၊ ကြေအေးခြင်း၊ ပြေရာပြေကြောင်းပြုပြင်ခြင်းစသော သဘောများပါဝင်နေ၏။ ခွင့်လွှတ်ခြင်းသည် လူတို့၏စိတ်ဗီဇ၍ ရှိတက်သော သဘာဝတရားဖြစ်၏။ ခွင့်လွှတ်ခြင်းမရှိလျှင် ချစ်ခြင်းမေတ္တာလည်း ရှိမည်မဟုတ်ပေ။ ခွင့်မလွှတ်တက်ခြင်းသည် သဘောထားညံ့ဖြင်းခြင်း၊ သ၀န်ကြောင်ခြင်း၊ မကြေချမ်းခြင်း၊ ရန်တုန့်မူခြင်းစသော အချက်အလက်များ ပါဝင်နေ၏၊ ခွင့်လွှတ်ခြင်းသည် စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ကိစ္စတစ်ခုပင်ဖြစ်၏၊ ယင်းသည် ဘ၀အမှန်ကို မြင်စေပြီး ကြီးပွားတိုးတက်ရန် အားအဖြစ် အထောက်အကူပေး၏။ မွန်မြတ်သောလက်စားခြေခြင်းသည် ခွင့်လွှတ်ခြင်းဖြစ်၏ဟူသော စကားပုံကို နှလုံးမူ၍ ခွင့်လွှတ်ခြင်းဖြင့် လက်စားခြေကာ အလှအပကို ဖန်တီးကြရမည်ဖြစ်သည်။
        အလှအပသည် သူ့နေရာနှင့်သူ တန်ဖိုးရှိ၏။ လူတို့သည် လှချင်ကြ၏။ လှချင်သူများသည် မိမိနှင့် လျှောက်ပတ်တင့်တယ်စွာ ၀တ်ဆင်ခြယ်သပန်ဆင်မှသာ အလှအပများ တောက်ပပေါ်လွင်လာမည်ဖြစ်၏။ သူတစ်ပါး ချောသည်လှသည်ကို မနာလိုတက်သူသည် ပို၍ပင် အယုတ်ဆိုးအကျည်းတန်သွားတက်၏။ ပန်းတစ်ပွင့်တည်းပန်၍ ချောသူလျသူကို မနာလိုမှုဖြင့် မိမိက ပန်းနှစ်ပွင့်တွဲ၍ ပန်ဆင်သော်လည်း လှချင်မှလှပေမည်။
        အမွှေးနံ့သာမချယ်သသော်လည်း လှပမွှေးထုံနေသူကို မနာလို၍ နံ့သာရေမွှေးများ သုံးသော်လည်း ရနံ့မပြယ်မီသာမွှေးထုံနေမည်။ ပင်ကိုရနံ့ကား ထွက်လာမည်မဟုတ်ပေ။ လှချင်သူများသည် မနာလိုကင်း ၀န်တိုရှင်းကြရမည်ဖြစ်သည်။ သူတစ်ပါး ချမ်းသာကြီးပွားနေမှု၊ လှပရွှင်လန်းနေမှု၊ တင့်တယ်ကြွယ်ဝနေမှုကို ၀မ်းသာကြည်နူးစွာ ကြည့်တက်သူ၏အပြုံး၊ မျက်လုံး၊ နှုတ်ခမ်းအစုံသည် တင့်တယ်လှပခြင်း၏ အဆင်းတန်ဆာများဖြစ်၏။
        လူအများစုသည် နှစ်သိမ့်စဖွယ် အကြည့်လေးတစ်ချက်၊ အားတက်စဖွယ် အပြုံးပန်းလေးတစ်ပွင့်ကို လက်ဆောင်အဖြစ် လိုချင်ကြ၏။ ပြုံးပြုံးရွှင်ရွင်နေတက်ခြင်းသည် စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်ဆုံးဖြစ်၏။ အပြုံး၏အစွမ်းထက်မြတ်မှုသည် အလွန်ကြီးမား၏။ ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အားထက်သန်စေ၏။ ၀မ်းနည်းနေသူကို ၀မ်းသာစေ၏။ လူတို့၏ ဆိုးရွားသောဒုက္ခများကို ကုသရန် အကောင်းဆုံးသော သဘာဝဓမ္မဆေးနည်းတစ်လက်လည်းဖြစ်၏။
        ပြုံးခြင်းကို မခံယူနိုင်သူသည် မရှိသလောက်ပင်ရှားပါး၏။ ဟန်ဆောင်မှုကင်းပြီး ပွင်လင်းရိုးသားမှု အပြည့်ပါသော ပြုံးခြင်းသည်သာ အဆင်းလည်းလှ၊ အချင်းလည်းလှပြီး အလွန်တန်ဖိုးရှိသော အပြုံးပန်းဖြစ်၏။ အတွင်းစိတ်မပါဘဲ ဟန်ဆောင်မှုဖြင့် ပြုံးပြသောအပြုံးသည် ကောက်ကျစ်မှုများပါနေသောကြောင့် တင့်တယ်မှုကင်း၍ ပူလောင်ခြင်းနှင့် ပြည့်နေသောအပြုံးဖြစ်၏။ ပြုံးပြသော်လည်း မဲ့နေသလို ဖြစ်နေတက်၏။
        အပြုံးသည် တစ်ဖက်လူ၏ စိတ်နှစ်လုံးကို သံလိုက်ဓာတ်ကဲ့သို့ စွဲဆောင်နိုင်စွမ်းရှိ၏။ ကိုယ့်ဘက်ပါလာအောင် ညှို့ဓာတ်လည်းပေးနိုင်၏။ တစ်ဖက်သားကို စိတ်ချမ်းသာစေနိုင်သည့်အပြင် မိမိကိုယ်ကိုလည်း စိတ်ချမ်းသာစေ၏။ နှလုံးသားကို တမြေ့မြေ့ ရှို့မြိုက်တက်သည့် သောကမီးကိုလည်း ငြိမ်းသက်နိုင်၏။ ချိုမြမွှေးကြိုင်သည့် ပန်းဝတ်ရည်ရနံ့သည် အရက်ဆယ်မျက်နှာမှ ပျားပိတုံးများကို စွဲမက်အောင် စွမ်းဆောင်နိုင်သကဲ့သို့ အပြုံးဝတ်ရည်သည်လည်း တွေ့မြင်ရသူတို့၏ စိတ်နှလုံးကို ရွှင်ပြုံးချမ်းမြေ့အောင် စွဲဆောင်နိုင်၏။
        ပြုံးခြင်းသည် အိမ်ထဲ၌ ချမ်းသာသုခကိုပေး၏။ လုပ်ငန်းခွင်၌ မျက်နှာပွင့်လန်းစေ၏။ မိတ်ဆွေလည်း တိုးပွားစေ၏။ မိတ်ဆွေအချင်းချင်း၏ အထိမ်းအမှတ်လည်းဖြစ်၏။ ပြုံးခြင်းအမူအရာသည် မေတ္တာ ရေသောက်မြစ်မှ ပေါက်ဖွားလာ၏။ မေတ္တာမှ ပေါက်ဖွားသီးပွင့်လာသော အပြုံးပန်း၊ အပြုံးဝတ်ရည်၊ အပြုံးရနံ့သည် ရုပ်ကိုလည်းလှစေ၏။ စိတ်ကိုလည်းနူးညံ့စေ၏။ လှချင်သူများသည် အပြုံးပန်းကိုပန်၍ အပြုံးဝတ်ရည်ကိုသောက်ကာ အပြုံးဆေးကိုမှီဝဲလျှက် မေတ္တာရေသောက်မြစ်မှ ပေါက်ဖွားလာသော အပြုံးဖြင့် အလှအပကို ဖန်တီးကြရမည်ဖြစ်သည်။

အရုပ်ဆိုးရသောအကြောင်းများ
        အမျက်ဒေါသကြီးသူ၊ စိတ်တိုသူ၊ စိတ်ဆက်သူသည် ယ္ခုဘ၀၌လည်း အရုပ်ဆိုး၏။ နောင်တမလွန် ဘ၀များ၌လည်း အရုပ်ဆိုးရဦးမည်ဖြစ်၏။ ရွှေငွေရတနာ အဆင်းတန်ဆာတို့သည် ထိုအရုပ်ဆိုးမှုကို မဖုံးကွယ်နိုင်ခြေ လောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် ဒေါသထွက်လေ့ရှိ၏။ အနည်းငယ်မနှစ်သက်ဖွယ် စကားကိုဆိုသည်ရှိသော် ဒေါသထွက်၏။ ထိုသို့သောဒေါသပိုင်ရှင်သည် ယ္ခုဘ၀မှသေလွန်လျှင် အပါယ်လေးဘုံသို့ ကျရောက်တက်၏။ အပါယ်ဘုံသို့မကျဘဲ ကောင်းမှုကံတစ်ခုခုကြောင့် လူ့ပြည်သို့ရောက်ခဲ့ပါမူ အဆင်းမလှ၊ အရုပ်ဆိုးခြင်းတို့ဖြစ်တက်၏။ (ဓ၊ ၃၊ ၂၄၅)
        အဆင်းမလှအရုပ်ဆိုးခြင်း၏တရားကိုယ်သည် ဒေါသဖြစ်၏။ ဒေါသကို အဋ္ဌသာလိဏီအဋ္ဌကထာတွင် ကြမ်းတမ်းသော ကိုယ် စိတ်တို့၏ ဖြစ်ကြောင်းဖြစ်ရာ လက္ခဏာရှိ၏။ ကိုယ် စိတ်တို့ကို ကြမ်းတမ်းခက်ထန်စေ၏။ ဟူ၍ ဖွင့်ဆိုထားပါသည်။
        ဥပမာ - ဒေါသသည် လှံတံစသည်ဖြင့် ပုတ်ခတ်အပ်သောအခါ မွေကဲ့သို့ ကြမ်းတမ်းခြင်းလက္ခဏာရှိ၏။ တောမီကဲ့သို့ မိမိမှီရာပုဂ္ဂိုလ်ကို ပူလောင်စေခြင်းကိစ္စရှိ၏။ မြားဆိပ်၊ မွေဆိပ်တက်သကဲ့သို့ ဖေါက်ပြန်သောအားဖြင့် ပျံ့နှံ့ခြင်းကိစ္စရှိ၏။ ရအပ်သောအခွင့်အလမ်းရှိသော ရန်သူကဲ့သို့ မိမိကိုယ်ကိုလည်းကောင်း၊ သူတစ်ပါးကို လည်းကောင်း၊ ဖျက်ဆီးတက်သောတရာဟု ထင်သောအခြင်းအရာရှိ၏။ အဆိပ်နှင့်ရောသောဆေးကဲ့သို့ ရန်ငြှိုးဖွဲ့ခြင်း၏ နီးစွာသောအကြောင်းရှိ၏။ သို့အတွက်ကြောင့် အရုပ်ဆိုးရပါသည်။ (ဘိ၊ ဋ္ဌ၊ ၁၊ ၂၉၉)

ရုပ်ချောခြင်း အကျည်းတန်ခြင်းတို့ ကွဲပြားရပုံ
        လောက၌လူသားတို့သည် ရုပ်ရည်ချောမောခြင်းကို ဂုဏ်တစ်ရပ်ဟု ထင်မြင်ကြ၏။ အသားအရည်ဆိုပြေကာ အဆင်းလှသူများကို လူအများက ကုသိုလ်ကံကောင်းသူဟုပြောဆိုကြ၏။ ထို့ကြောင့် လူသားများသည် အဆင်းလှပချင်ကြ၏။ ချမ်းသာခြင်းကိုအလိုရှိသောသူတို့သည် နေ့မအားညမနား စီးပွားဥစ္စာရှာဖွေနေသကဲ့သို့ အဆင်းလှပစေရန်အတွက် နေ့စဉ်နှင့်အမျှ ဆင်ယင်ချယ်သနေကြရကုန်၏။ အ၀တ်အစားများကို တစ်မျိုးပြီးတစ်မျိုး ၀တ်ဆင်နေကြ၏။ ခန္ဓာကိုယ်လှပစေရန် ခေတ်မှီကိရိယာများဖြင့် နေ့စဉ်ပြုပြင်နေကြ၏။ သို့သော်လည်း ပင်ကိုမရှိပါက မည်မျှပင် ၀တ်ကောင်းစားလှတို့ဖြင့် ပြုပြင်နေစေကာမူ မလှပသည့်အပြင် အကျည်းတန်အရုပ်ဆိုးနေတက်၏။ ပင်ကိုအားဖြင့် လှပနေသောသူများမှာမူ သင့်တင့်သောဝတ်ကေင်းစားလှများကို ၀တ်ဆင်စေကာမျှဖြင့် လှပစေ၏။ အချို့လူများမှာ မြင်သူတိုင်းက ငေးကြည့်ရလောက်အောင် လူမကနတ်တမျှ ကြည့်မကုန်ရှုမ၀ အလှကြီးလှ၏။ ဤသို့ဖြင့် ရုပ်ချောခြင်း အကျည်းတန်ခြင်းဟု ကွဲပြားလျှက်ရှိ၏။
        သို့ရာတွင် လူသားတို့သည် အဆင်းလှလိုကြ၏။ အဆင်းလှခြင်း၏အကြောင်းကိုလည်း သိချင်ကြ၏။ ဘုရားရှင် လက်ထက်တော်က သုဘလုလင်သည် ဤသို့ကွဲပြားရခြင်းကိုသိချင်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓအား လူအချင်းချင်း တူပါလျှက် ရုပ်ချောရခြင်း အကျည်းတန်ရခြင်းတို့၏ ကွဲပြားရပုံကို မေးလျှောက်၏။ (ဓ၊ ၃၊ ၂၄၃)
        ထိုအခါ မြတ်ဗုဒ္ဓက - ချစ်သားသုဘလုလင် လောက၌လူသားတို့သည် ရုပ်ရည်လှပခြင်းကိုသာ အလိုရှိကြ၏။ ရုပ်ဆိုးခြင်းအကျည်းတန်ခြင်းကို အလိုမရှိကြပေ။ သို့သော် လူအချင်းချင်းတူပါသော်လည်း အမျက်ဒေါသ ရှေ့ထားသောပုဂ္ဂိုလ်နှင့် မေတ္တာတရားရှေ့ထားသောပုဂ္ဂိုလ်ဟု နှစ်မျိုးနှစ်စားကွဲပြားနေ၏။ ထိုတွင် ဒေါသရှေ့ထားသောသူသည် အရုပ်ဆိုး၍ မေတ္တာတရားရှေ့ထားသောသူသည် ရုပ်အဆင်းလှပရ၏။ ဤသို့စိတ်စေတနာတို့၏ ကွဲပြားမှုကြောင့် ရုပ်ချောခြင်း အကျည်းတန်ခြင်းတို့ ကွဲပြားရခြင်းဖြစ်၏ဟု မိန့်တော်မူပါသည်။ (ဓ၊ ၃၊ ၂၄၅)